Tuesday, 4 September 2018

လွမ်းဆွတ်ခြင်း၊ စိတ်မကောင်းခြင်း များစွာ...

Grand Hantha ဆေးရုံမှာ အလုပ်စဝင်ကတည်းက ကိုကိုအချစ်ရဆုံး ပူကျူးလေးအတွက် ပေးနေကျ အချိန်တွေ သိသိသာသာ လျော့သွားတယ်...

ရှေ့ရေးအတွက် အလုပ်ဝင်ခဲ့တာ၊ အလုပ်ကြိုးစားနေရတယ်ဆိုတာ သိပေမဲ့ နှစ်ယောက်လုံးရင်ထဲ သိသိသာသာ လွမ်းဆွတ်ခြင်း၊ တမ်းတခြင်းအပြင် စိတ်အလိုမကျခြင်းတွေ၊ ဝမ်းနည်းခြင်းတွေပါ ဝင်ရောက်လာတယ်လေ...

အထူးသဖြင့် ဒီနေ့လို့ 12-12 duty ဆင်းရတဲ့ နေ့မျိုးပေါ့... ညဖက်ညဖက်တိုင်း ကိုကို ချော့သိပ်နေကျ ကလေးလေးက တစ်ယောက်တည်း အိပ်ရရှာတယ်... ရင်ထဲမှာ အတော်ကို မကောင်းဖြစ်မိတယ်... ကလေးလေးဆီက လွမ်းနေတဲ့ အကြောင်း စာလေးတွေ၊ ဗီဒီယိုလေးတွေ၊ စတေးတပ်စ်လေးတွေမြင်ရင် မျက်ရည်ကျမိလောက်တောင် အထိပဲ... 😢

"ပူကျူးလေးရယ်... ပူကျူးလေးဟာ ကိုကို့ အတွက် အရေးအကြီးဆုံး၊ ပူကျူးလေးဟာ ကိုကို့ ဘဝပါပဲ... အလုပ်လုပ်နေတာလည်း ပူကျူးလေးနဲ့ ကိုကိုနီးစပ်ဖို့ဆိုတာ တွေးရင်း အားတင်းထားပေမဲ့ တခါတလေကျတော့လည်း အကုန်လုံးကို ပစ်ချပြီး ကလေးလေးနားကိုသာ ရောက်လာချင်မိတော့တယ်ကွယ်..."

အခု ဒီစာကို ပူကျူးလေး ပို့ထားပေးတဲ့ Video လေးတွေ ကြည့်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ ကိုကို ရေးပါတယ်...

ပူကျူးလေးနဲ့ကိုကို အမြန်ဆုံး နီးရပါစေကွယ်... 🙏

Sunday, 2 September 2018

အိပ်ချင်ပူကျူးလေးရဲ့ အလွဲ (၄)

၂.၉.၁၈

ဒီတခါလည်း ခါတိုင်းလိုပဲ ပွဲရှိတဲ့ နေ့၊ ပူကျူးလေး ပင်ပန်းတဲ့ နေ့ တစ်နေ့မှာပါပဲ...

တနင်္ဂနွေနေ့ဖြစ်တဲ့ ဒီနေ့မှာ ကလေးလေးတို့ Botany Department ရဲ့ ဆရာကန်တော့ပွဲ လုပ်ပါတယ်... ထုံးစံအတိုင်း ကလေးလေးက စီစဉ်သူအဖြစ် ပါဝင်ရတာပေါ့... ညကျ ပင်ပန်းပြီး အိပ်ငိုက်နေပါရော... အလုပ်ဝင်ကတည်းက စကားကောင်းကောင်း မပြောရတော့ ဒီနေ့ ကျွန်တော့ Off ရက်လေးမို့ သူကလေး အားတင်းပြီး စကားပြောရင်း အိပ်ငိုက်လာပုံရပါတယ်...

"ပူကျူးလေး... အိပ်တော့မှာလား..."

"ဟင့်အင်း..."

ဟင့်အင်းသာ ပြောတာပါ... မျက်လုံးလေးက မပွင့်တော့...

"ကလေးလေး... အိပ်တော့မှာလားလို့..."

"အိပ်သေးဘူး..."

မအိပ်သေးဘူး ပြောရင်း အိပ်ပျော်လုဆဲဆဲဖြစ်လို့...

"ပူကျူးလေး အိပ်တော့မှာပါ... အိပ်ကာနီးရင် ဘာပြောရမလဲ??"

ဒီရက်ပိုင်းအတွင်း ပူကျူးလေး အိပ်ကာနီးတိုင်း "ကိုကို့ကို အရမ်းချစ်တယ်..."လို့ ပြောပြီးမှ အိပ်နေကျမို့ အဲဒီ စကားလေး ကြားချင်လို့ ကျွန်တော်က မေးနေတာပေါ့...

"ဟင်... ဘာလဲ?.. %%££$$"

အိပ်ချင်မူးတူးနဲ့ ဗလုံးဗထွေး အသံလေးတွေ ထွက်လာပါတယ်... ဒါနဲ့ ကျွန်တော်က

"ပူကျူးလေး ဘာပြောတာလဲ ???" 😳

"သြော်... တီချယ်ကြီးကို သစ်တော်သီး ကျွေးလိုက် လို့..." တဲ့...

"ဟမ်... ဘာတွေ ပြောနေတာလဲ ပူကျူးရဲ့... 😳

ပူကျူးလေး အိပ်တော့မှာလေ... အိပ်ကာနီးရင် ဘာပြောရမလဲလို့ဆို..."

အဲလို ပြောလိုက်တော့ ဘာပြန်ပြောလိုက်တယ် မှတ်သလဲ?

"ဘာလဲ... ကိုကိုကပါ သစ်တော်သီး စားချင်လို့လား..."
တဲ့ခင်ဗျာ...

🤣🤣🤣

Saturday, 1 September 2018

ကလေးလေးအတွက် ကလေးကဗျာ

ပူကျူးလေး
ပူကျူးလေး
ကိုကို့ သဲတုန် ပူကျူးလေး...

ပူကျူးလေးက လှတယ်ဆို
ကိုကို ချစ်ရသကို

မယုံရင် ကြည့်ပါလား
ရော့ဗျာ အာဝါး 😘

၁.၉.၁၈