Saturday, 28 April 2018

အိပုပ်လေးရဲ့ သီချင်းလက်ဆောင်...

အိပုပ်လေး ကျွန်တော့်အတွက် ရည်ရွယ်ပြီး သီဆိုတဲ့ ဒီသီချင်းလေးက ရင်ကို ထိရှသော၊ ကြည်နူးစေသော၊ သာယာနာပျော်ဖွယ် အတိပြီးသော သီချင်းလေးပါ... 🎼

ကိုကို့ကို အရမ်းချစ်ပေးတဲ့အတွက်ရော၊ အခုလို နေမကောင်းတဲ့ကြားကနေ ကိုကို့အတွက် သီချင်းလေး ဆိုပေးတဲ့ ကလေးလေးကို ကျေးဇူးတင်ပါတယ်ကွယ်... 😇

ကလေးလေးကို အရမ်းချစ်တယ်... ❤️

Tuesday, 24 April 2018

Love You!

ကိုယ်က ချစ်ရတာ
ပထမဆု တစ်ခုဆိုရင်
ကိုယ့်ကို ချစ်နေတာကို
သေချာ သိနေရခြင်းဟာ
အထူးဆု တစ်ခု ထပ်ရခြင်းပါပဲ...

လောကကြီးမှာ
ကိုယ်ချစ်မြတ်နိုးရတဲ့သူနဲ့
ကိုယ့်အပေါ် ချစ်မြတ်နိုးသူ
ထပ်တူကျခြင်းဟာ
ကံကောင်းခြင်းပါ...

ဒီထဲမှာမှ
ကိုယ့်ချစ်သူက ကိုယ့်အပေါ်
နားလည်မှု၊ မြတ်နိုးမှု
တွယ်တာမှု၊ တန်ဖိုးထားမှု
စတာတွေ ထပ်ဆင့် ရရှိရင်တော့
သင်ဟာ ကံအကောင်းဆုံးလူသားပါပဲ...

ဟုတ်ကဲ့...
ပူကျူးလေးကြောင့်
အဲဒီ ကံအကောင်းဆုံးလူသားထဲမှာ
ကျွန်တော်ပါဝင်ခွင့်ရပါတယ်... 😇

Love you so much, Baby လေး! ❤️😘

Sunday, 22 April 2018

ည...

ည...

ညဖက် ညဖက်တွေတိုင်း...
ကလေးလေးရဲ့ ဦးခေါင်းလေးကို ပုတ်လို့
ဘုရားစာလေးတွေ
ကိုကို ရွတ်ဆိုပေးမယ်...
ကလေးလေး အိပ်မက်ဆိုးတွေ မမက်ဖို့
စည်းချလို့ မေတ္တာသုတ်လည်း ကိုကိုရွတ်မယ်...

အဲဒီနောက်...
ကိုကို့ရဲ့ ကလေးလေး
အိပ်ပျော်တဲ့အချိန်အထိ
သီချင်းလေးတွေ ဆို 🎼
ပုံပြင်လေးတွေ ပြောပြပြီး 💬
ကိုကို ချော့သိပ်မယ်...

ကလေးလေး အိပ်ပျော်သွားတဲ့အခါ 😴
အပြစ်ကင်းစင်လွန်းလှတဲ့
မျက်နှာလေးကို ငေးကြည့်ရင်း
Phone Screen ကြီးကိုပဲ
တရှိုက်မက်မက် နမ်းမိတယ်... 😘

ရင်ထဲက စကားတွေကို
နှုတ်ဖျားကို တဆင့်ပို့ကာ
တီးတိုးလေး ကိုကိုပြောမယ်...
"ကိုကို ကလေးလေးကို အရမ်းချစ်တယ်..." ❤️

အဝေးကနေ ကြင်နာပေးရတဲ့
ဒီလိုနေ့ရက်တွေ ဖြတ်ကျော်လို့
ထာဝရ တူတူနေပြီး ပိုကြင်နာနိုင်ဖို့
ကိုကို ကြိုးစားမယ်... ✊

ထာဝရအတွက်
လောလောဆယ် တခနတော့
အဝေးကနေ ချစ်နေ...
လွမ်းနေရင်း...

နေ့တစ်နေ့ရဲ့ အဆုံးသတ်ကို
End Call ဆိုတဲ့ အနီရောင်
ခလုတ်လေးကို
နှမြောတသစွာ နှိပ်ကာ
ပြီးဆုံးခဲ့ရတယ်... 😞

(၂၂.၄.၁၈)

Saturday, 21 April 2018

လွမ်း...

မင်းလေးကို လွမ်းတိုင်း
ကိုယ် လမ်းထလျှောက်ဖြစ်ရင်
ခုချိန်မှာ ကမ္ဘာအနှံ့
ခြေဆန့်ပြီးလောက်ပေါ့...

(၂၀.၄.၁၈)

Friday, 13 April 2018

လေးစား မြတ်နိုးရပါသော ချစ်သူ...

၉ ရက်နေ့ နေ့လည်စာ စားချိန်မှာပေါ့... ကျွန်တော်တို့ မော်လမြိုင်မြို့က တမ်းတမ်းတတ ထမင်းဆိုင်ကို ရောက်ခဲ့တယ်... အဲဒီဆိုင်မှာ သစ်ခွတွေ တခြားပန်းတွေ ထိုးထားတယ်... ထမင်းစားအပြီးမှာ ပူကျူးလေးက ပန်းတွေနဲ့ ဓါတ်ပုံရိုက်ပါရော...

သူကလေး ဓါတ်ပုံရိုက်နေတာမြင်တော့ ဆိုင်ရှင်အမျိုးသားက သစ်ခွပန်း တစ်ခက် ခူးပြီး သူ့ကို ပေးပါတယ်... ပူကျူးလေး အဲဒီ သစ်ခွပန်းခက်လေးကို ကိုင်ပြီး ဓါတ်ပုံ တစ်ပုံ နှစ်ပုံရိုက်ပါတယ်... ကျွန်တော်က ကားပေါ်ကနေ ငေးကြည့်နေရင်း စောင့်နေတာပေါ့...

အဲဒီမှာ ကျွန်တော် မထင်ထားတဲ့ အပြုအမူ တစ်ခုကို ကလေးလေး လုပ်လိုက်ပါတယ်... ဓါတ်ပုံရိုက်အပြီး ကားပေါ် တက်ခါနီးမှာ ခုနက သစ်ခွပန်းခက်လေးကို ဆိုင်က ပန်းအိုးတစ်ခုမှာ ပြန်ထိုးထားခဲ့တာပါ... သူမ ကားပေါ်ရောက်တော့ ကျွန်တော်မေးတယ်...

"သစ်ခွပန်းက ပေးတာမဟုတ်ဘူးလား? "

"ဟုတ်တယ်"

"ပန်းက အတုလား?"

"မဟုတ်ပါဘူး အစစ်ပါ"

"ဒါဆို ဘာလို့ ပူကျူးက ထားခဲ့တာလဲ?" ဆိုတော့

"ဟင်... ကိုကို ပေးတာမှမဟုတ်တာ... မလိုချင်ပါဘူး..." တဲ့ဗျာ...

သူမ စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြုမူ ပြောဆိုတတ်တာ၊ ဟန်မဆောင်တတ်တာ သိထားတဲ့ ကျွန်တော့အဖို့ ဒီစကားလေး ကြားလိုက်ရချိန်မှာ ကြည်နူးမိသလို သူမအပေါ် လေးလည်း လေးစားမိတယ်... ပိုလည်း မြတ်နိုးမိပါတယ်... တကယ်ဆို အဲဒီပန်းလေးကို သူ ယူလာလည်း ကျွန်တော် စိတ်ဆိုးမှာ မဟုတ်ပါဘူး... သူမ မဟုတ်တဲ့ တခြား မိန်းကလေးတွေဆိုလည်း ယူမိကြမယ်ထင်ပါတယ်... ပူကျူးလေးကတော့ အဲလို သူများနဲ့ မတူဘဲ ထူးခြားတဲ့ ချစ်စရာ စိတ်ကလေး ရှိတာ သတိထားမိလိုက်ရတယ်...

အရမ်းချစ်တယ်... ကလေးလေးရယ်... ❤️

ကြည်နူးခဲ့ရတဲ့ သင်္ကြန်အကြိုနေ့ (၁၃.၄.၁၈)

ပူကျူးလေးဆီက ဓါတ်ပုံလေးနှစ်ပုံနဲ့ စာလေးတွေ ရောက်လာလို့ ဖွင့်ကြည့်လိုက်တော့...

ကြည်နူးစရာလေးတွေ တွေ့မြင်လိုက်ရပါတယ်...

ကိုကို့အတွက်တဲ့ ...

အတာအိုးလေး ထိုးလို့...

တဆက်တည်း ဘုရားဖူးသွားတုန်းက ညောင်ပင်ကို မြင်တာနဲ့ "ကိုကို ညောင်ထောက်ရမှာလေ..." ဆိုပြီး ဒီနှစ်သင်္ကြန်မှာ တနင်္လာအတာစားတာအတွက် ယတြာလုပ်ဖို့ ကျွန်တော့အတွက် အမှတ်တရ ရှိနေတတ်တာလေးကိုပါ ပြန်သတိရမိပါတယ်...

အခုလည်း ကျွန်တော့အတွက် အဲလို သတိတရ သေသေချာချာလေး လုပ်ပေးတတ်တာလေး သိရတော့ ကြည်နူးမှုတွေနဲ့ အတူ ပိုကဲလို့ ချစ်ရပြန်ပါရော Baby လေးရယ်... 😘

I love you so much! 😍

လွမ်းရက်တွေရဲ့ အစ...

မတွေ့ရခင်က တွေ့ရတော့မယ်ဆိုတဲ့ အသိစိတ်နဲ့ ရင်ခုန် ပျော်ရွှင်ခဲ့ရသလောက် ပြန်လာကာနီးကတည်းက ခွဲရမယ်ဆိုတဲ့ စိတ်နဲ့ နေလို့မကောင်း...

ကျွန်တော် ပြန်ကာနီး ကလေးလေး ကားနားလာ နှုတ်ဆက်တော့ သူကလေး မျက်နှာလေးက ညှိုးနွမ်းလို့... စိတ်မကောင်းဖြစ်နေတဲ့ အရိပ်အယောင်တွေက သူမ မျက်ဝန်းမှာ အထင်းသားပေါ့...

အိမ်ပြန်တဲ့ လမ်းတလျှောက် ကလေးလေးရဲ့ ချစ်စရာ အမူအရာလေးတွေ၊ အသံလေးတွေ၊ ဆိုးနွဲ့တတ်တာ၊ ချွဲတတ်တာလေးတွေက တောက်လျှောက်ကြီးစိုးနေခဲ့တာလေ... လမ်းတလျှောက် ပွင့်ဝေနေတဲ့ ပိတောက်ပန်းတွေကို ကြည့်ရင်း ပူကျူးလေးရဲ့ ဆံနွယ်ထက်မှာ ကိုယ်တိုင် ပန်ပေးချင်စိတ်တွေ ဖြစ်ပေါ်နေခဲ့တာ...

ဒီလိုနဲ့ပဲ... အိမ်ကို ပြန်ရောက်လာခဲ့တယ်... လူက သာ ရန်ကုန်ရောက်နေပေမယ့် ကိုကို့ စိတ်တွေက ပူကျူးလေးနဲ့ အတူ မော်လမြိုင်မှာ ကျန်ခဲ့ပါတယ် ပူကျူးလေးရေ...

ပူကျူးလေးကို ကိုကို အရမ်းလွမ်းနေတယ်... 😔

Thursday, 12 April 2018

ကျွန်တော် ခံယူထားတဲ့ ချစ်ခြင်း

ချစ်ခြင်း
--------

ချစ်မြတ်နိုးသွားပြီးတဲ့နောက်...
လှခြင်း၊ မလှခြင်း
ဖြူခြင်း၊ ညိုခြင်း
ရုပ်အဆင်းဟာ နေရာမရှိ
ကွယ်ပျောက်၏...

သူမ၏ ဖြစ်တည်ခြင်းကိုသာလျှင်
ကျွန်တော် ချစ်သည်...

(12.4.18) 1:00 am

Monday, 9 April 2018

Today is The Day!


၉.၄.၁၈

ဒီကနေ့ကတော့ နှစ်ယောက်လုံးအတွက် ဘဝမှာ အထူးတလည် အမှတ်ရနေစေမယ့် နေ့တစ်နေ့ပါ... ပူကျူးလေး အခု ဒီစာကို ဖတ်နေတဲ့ ဒီနေ့ ဒီရက် ဒီအချိန် ဒီနေရာမှာ ကို့ ဘဝအတွက် အရေးအကြီးဆုံး စကားလေး၊ ကို့ရဲ့ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက လာတဲ့ စကားလေး၊ ကိုနဲ့ အမျိုးမတော်စပ်တဲ့ ဒီကမ္ဘာပေါ်က မိန်းကလေးတွေထဲမှာ ဒီတစ်ယောက်တည်းကိုပဲ ကို့ဘဝတစ်လျှောက်လုံး ဆက်ပြောနေချင်တဲ့ စကားလေးကို ပြောမယ်...

“မ မြတ်ပွင့်ယမုံ ဆိုတဲ့ ကောင်မလေးကို ဟောဒီက ကို ကျော်စွာသက်ဆိုတဲ့ လူကြီးကလေ... ………”

(update - မြတ်မြတ်နိုးနိုးနဲ့ တစ်သက်စာအတွက် အရမ်း ချစ်တယ်...) အဲစကားလေးကို ပူကျူးလေးရဲ့ နားနားလေး ကပ်လို့ ခပ်တိုးတိုးလေး ပြောခဲ့တယ်...

ပူကျူးလေးကလည်း အဲလို တိုးတိုးလေးပဲ ပြန်ဖြေခဲ့တယ်...

"ပူကျူးလေးလည်း ကို့ကို အရမ်းချစ်တယ်..." တဲ့... 😘😍❤️

Sunday, 8 April 2018

သူမနဲ့ အတူ ပထမဆုံး တူတူရိုက်ခဲ့တဲ့ ဓါတ်ပုံ


ရင်ခုန်ခဲ့ရသော အမှတ်တရညနေခင်းလေး

၈.၄.၁၈

ပူကျူးလေးနဲ့ တွေ့ရတော့မယ်ဆိုတဲ့ အသိစိတ်၊ ညနေပိုင်းက သောက်ထားတဲ့ လက်ဖက်ရည်တို့ ပေါင်းစပ်ပြီး ညက ကောင်းကောင်းမအိပ်စက်နိုင်ခဲ့... မနက်ကျတော့လည်း ခရီးသွားဖို့ ကျွန်တော် တက်ကြွလို့နေသည်ကို မေကြီးနဲ့ အန်တီတို့ သတိထားမိခဲ့တဲ့အထိ သိသာလွန်းနေခဲ့တာပေါ့... ဒီလိုနဲ့ ခရီးစတင်ထွက်ခဲ့တာက မနက် ၈ နာရီစွန်းစွန်း... ရန်ကုန်အထွက်မှာတင် Traffic က ဆိုးဆိုးဝါးဝါး ပိတ်လို့နေခဲ့တာ... စိတ်ကလောနေလို့လားမသိ... စောင့်စားရတဲ့ အချိန်တွေ ပိုကြာလွန်းနေသလိုလို...

သထုံကို ကျွန်တော်တို့ ရောက်တော့ ပူကျူးလေးဆီက ဖုန်းလာသည်...

"ကို… ဘယ်ရောက်နေပြီလဲ? ပူကျူးလေး နေမကောင်းဘူး..." တဲ့..

သထုံရောက်နေကြောင်း နေ့လည်စာစားပြီးထွက်လာမယ့် အကြောင်းပြောပြီး နေမကောင်းတာ ဘာကြောင့်လဲ မေးတော့

"ဗိုက်မကောင်းဖြစ်လို့... ခန အိပ်လိုက်ဦးမယ်..."တဲ့...

သူငယ်ချင်းနဲ့ စကားလက်ဆုံကျတာရော၊ ထမင်းစားဖို့ နောက်ကျတာရောကြောင့် သထုံက ထွက်လာဖြစ်တာပါ နောက်ကျသွားခဲ့တယ်... ၂နာရီခွဲလောက်မှ သထုံက ထွက်လာဖြစ်ခဲ့တာ... ပူကျူးလေးဆီက ဖုန်းလာတော့ အခုမှ ထွက်တာဆိုတော့ သူကလေး စိတ်ဆိုးသွားတယ်...

“ဒီက မျှော်နေတာသိရက်နဲ့... ဒီအတိုင်းဆို ၄ နာရီ ၁၅ လောက်မှ ရောက်မှာပေါ့...” တဲ့…

ဒါပေမဲ့ တကယ်တမ်းကျ ကျွန်တော့် စိတ်ကြောင့်ပဲလား... နတ်ဒေဝါတွေ မစ သလားမသိ... တစ်နာရီထဲနဲ့ မော်လမြိုင်ဆိုတဲ့ စာသားကို တံတားကြီးမှာ မြင်လိုက်ရတယ်... ပူကျူးကို ဖုန်းဆက်တော့ သူကလေး မယုံနိုင်ဘူးလေ... ခနစောင့်ဦးဆိုပြီး ပြာယာတွေ ခတ်လို့ပေါ့...

အဲလိုနဲ့... ကမ်းနားလမ်းမှာ သူမအလာကို ကျွန်တော် ကားပေါ်ကနေ မျှော်နေခဲ့ရတယ်... အခြေအနေကြောင့် ပူကျူးလေးရဲ့ ဖေကြီးကိုယ်တိုင်မောင်းတဲ့ ခဲရောင် Harrier လေး ရောက်လာချိန်မှာတော့ ရင်ခုန်သံတွေ မြန်လာပါလေရော... Hotel ကိုရောက်လို့ ကားရပ်အပြီး သူမ ကားပေါ်က ဆင်းလာချိန်၊ သူမနဲ့ စပြီး စကားပြောတဲ့အချိန်၊ အစစ အရာရာ အားလုံးဟာ စိတ်ကို အတော် လှုပ်ရှားစေတဲ့ ခံစားချက်လေးတွေပါပဲ... (အသေးစိတ်ကို ရေးချဖို့ ကြိုးစားကြည့်ပေမယ့် စကားလုံးတွေက တကယ်ဖြစ်နေခဲ့တဲ့ အဲဒီအချိန်က ခံစားချက်တွေကို ကိုယ်စားပြုဖို့ရာ မစွမ်းသာတာကြောင့် အသေးစိတ်ကို ရေးမပြတော့ပါဘူး...) သူကလေးလည်း ကျွန်တော့်လိုပဲ ဖြစ်နေပါလိမ့်မယ်... ပိုပြီး မှတ်မှတ်ရရ ဖြစ်နေစေတာက အရမ်းစိတ်လှုပ်ရှားပြီး ရှက်နေတဲ့ သူမရဲ့ မျက်နှာလေးပါ... ကျွန်တော့်ကို စကားတောင် ကောင်းကောင်း ပြန်မပြောနိုင်လောက်အောင် သူမ စိတ်တွေ လှုပ်ရှားနေခဲ့တာပါ...

လူကြီးတွေ ပါလာတာကြောင့် တတ်နိုင်သမျှ ခံစားချက်ကို ဖုံးကွယ်ရင်း သူမ လာကြိုတဲ့ အစီအစဉ်လေး ရင်ခုန်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်...

ညနေ ၅ ခွဲ ဘုရားသွားတော့ ပူကျူးလေးနဲ့ ပိုနီးကပ်စွာ စကားပြောခွင့်ရခဲ့ပါတယ်... အမှတ်တရ ဓါတ်ပုံလေး ရိုက်၊ စကားလေးတွေပြော၊ ညနေစာစားနဲ့ ကုန်ဆုံးသွားတဲ့ အချိန်တွေက ကျွန်တော့်အဖို့ မြန်လွန်းနေသလား အောက်မေ့နေမိပါတော့တယ်... ညနေစာကို Lotteria မှာစားရင်း ဖြစ်သွားတဲ့ အမှတ်တရလေးကတော့ ကျွန်တော်တို့ စားနေတုန်း ဆိုင်က စဖွင့်လိုက်တဲ့ သီချင်းက Ed Sheeran ရဲ့ Perfect သီချင်းလေး ဖြစ်နေတာပါ... သီချင်းလေး စလာချိန်မှာ တစ်ယောက်မျက်နှာ တစ်ယောက်အဓိပ္ပါယ်ပါပါ ကြည့်ရင်း ပြုံးမိကြပါသေးတယ်... တိုက်ဆိုင်လွန်းတဲ့ အတွက် အမှတ်တရလေးတွေထဲက အမှတ်တရလေး တစ်ခု ဖြစ်ခဲ့တာပေါ့ဗျာ... 😇

Saturday, 7 April 2018

ကျေနပ်မိသော အလွဲကောင်းလေး

ဒီနေ့ကတော့ အလွဲကောင်းလေး ခေါ်ရမယ်... ပူကျူးလေး အဲနေ့က အလုပ်လုပ်နေရင်း ကျွန်တော်က မေးနေကျ အတိုင်း မေးတယ်... 
“ပူကျူးလေး...” 

“ရှင့်...” 

“ကို့ ကို ချစ်လား...”

“မပြောဘူး...”

… 

နောက်တော့ သူမ ခနလေး တိတ်ဆိတ်သွားတယ်... ခနနေတော့ ဆက်ပြောတယ်...

“မီးရဲ့ အချစ်ဆုံး ပူကျူးကိုကို” တဲ့.. 

ကျွန်တော့်မှာ ကြည်နူးသွားတာပဲ... အဲ … မကြာဘူး... စကားသံ ထပ်ထွက်လာတယ်...

“အမ်…ဘာလား!!” တဲ့… 

ဘာဖြစ်လို့လဲ ပေါ့... သူကလေးက ရှင်းပြတယ်... သူမ တွေးလိုက်တာက... ဒီလိုတဲ့...

“စိတ်ထဲကနေပဲ ပြောမယ်...” (အဲဒါကို ကျွန်တော်ကြားအောင် ပြောမယ်)

“မီးရဲ့ချစ်ဆုံး ပူကျူးကိုကို...” (ဒီစကားလေးကိုကျ စိတ်ထဲကနေပဲ သူပြောလိုက်မယ်)... အဲလိုတဲ့...
ဒါပေမဲ့ တကယ်တမ်း ဖြစ်သွားတာက ပြောင်းပြန်ဖြစ်နေတာတဲ့... 😂😂😂

နှစ်ယောက်သား ရယ်လိုက်ရတာ... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပီတိတွေဖြစ်ပြီး အကျေနပ်ကြီး ကျေနပ်မိခဲ့တာပေါ့... သူမရဲ့ စိတ်ထဲက စကားလေးကို ကြားလိုက်ရလို့လေ... ❤️❤️❤️😇😇😇

အဲဒီနေ့ကလေးက မှတ်မှတ်ရရ 2.4.18 ရက်နေ့ မနက်ပိုင်းပါ…

အခန်းအပြင်ဖက် ထွက်နေတော့မယ်...

ဒါကကျ တစ်မျိုး... အဲဒီရက်တွေက ဆရာမ ပူကျူးလေး စာမေးပွဲခန်းစောင့်ရတဲ့ ရက်တွေပေါ့... မတ်တပ် ရပ်ရတာ၊ လမ်းလျှောက်ရတာ များလို့ ပင်ပန်းရတယ်... ကျွန်တော်က သူကလေးကို ပြောနေတာ...

“ပူကျူးလေးရယ်... ပူကျူးလေးရဲ့ မျက်နှာမှာလေ... စွဲဆောင်မှု အရှိဆုံးက ပူကျူးလေးရဲ့ မျက်လုံးလေးပဲ... ကို့ ပူကျူးလေးက မျက်လုံးလေး အရမ်းလှတယ်...  နောက်အပေါ် နှုတ်ခမ်းထော်ထော်လေးရယ်...” လို့… အဲဒါကို မျက်လုံးပိတ် နားထောင်ရင်းကနေ မျက်လုံးလေး ဝင့်ကြည့်ပြီး ပြန်ပြောလိုက်ပုံက

“တော်ပြီ... အခန်းအပြင်ဖက် ထွက်နေတော့မယ်” တဲ့… 

ထုံးစံ အတိုင်း ကျွန်တော့မှာ ဘာလဲပေါ့... နောက်တော့မှ ရယ်ပြီး ပြောတယ်... သူ မှေးကနဲဖြစ်ပြီး စာမေးပွဲခန်း စောင့်နေတာတဲ့... ညောင်းလာလို့ အဲလို ပြောမိသွားတာတဲ့လေ...

လုပ်လိုက်ပြန်ပေါ့ ပူကျူးရယ်လို့ သာ ကျွန်တော့မှာ ရေရွတ်နိုင်တော့တယ်လေ... 😓😅😆

အဲဒီနားမှာ အမှိုက်ပုံး ရှိလို့...


အဲဒီနေ့က ပူကျူးလေးနဲ့ ကျွန်တော်တို့ အတွက် အမှတ်တရ လေးပါပဲ... ပူကျူးလေး အဲဒီနေ့က အလုပ်တွေ များပြီး ပင်ပန်းနေတာပါ... ကျောင်းမှာ VIP (ဝန်ကြီး) လာတာကြောင့် ဈေးဝယ်ထွက်၊ ရေသန့်ဗူးတွေ၊ အမှိုက်ပုံးတွေ၊ စသဖြင့် လိုအပ်တာတွေ ဝယ်ရ၊ ဧည့်ခံ ကျွေးမွေးရေးတွေ လုပ်ရ၊ ပြေးရလွှားရနဲ့ပေါ့... 

ဒါပေမဲ့ ညရောက်တော့ အိပ်ချင်ပူကျူးလေး က အိပ်ငိုက်နေရင်း ကျွန်တော်နဲ့ စကားတွေ အများကြီး ပြောပေးရှာပါတယ်... 😘 အဲလိုပြောရင်း ပူကျူးလေးရဲ့ ဖေကြီးနဲ့ မေကြီးအကြောင်း ပြောမိကြတယ်... ဖေကြီးက ထမင်းစားခေါ်ရခက်တဲ့ အကြောင်း၊ မေကြီးက တော်တော် ခေါ်ယူရကြောင်းပေါ့… ပူကျူးနဲ့ကိုနဲ့ တူတူ နေကြတဲ့အခါ ထမင်းစားခေါ်ရင် မခက်ဖို့ ပြောရင်း ပူကျူးလေးက-

“ဒီမယ်... အဲလို ပြောနေတယ်ဆိုတာ ချစ်လွန်းလို့ ပြောနေတယ်မှတ်ပါ... စဉ်းစားကြည့်လေ... တကယ်ဆို ထမင်းသူ့ဘာသူ မစားတာ အနေသာကြီး... ဒီလို လိုက်ပြောနေတာ ချစ်လွန်းလို့ ပြောနေတယ် မှတ်လိုက်ပါ... နားလည်လား... နော်... မချစ်ရင် ပြောကို မနေဘူး... အနေသာကြီး... ချစ်လွန်းလို့ ပြောနေတာ... သိရဲ့လား” လို့ ပူကျူးလေးက ဆရာမ လေသံလေးနဲ့ ကျွန်တော့်ကို ပြောနေပါတယ်... စကားလေး ပြောပြီးတော့ ပင်ပန်းလွန်းနေတာကြောင့် မျက်လုံးလေး ပိတ်ပြီး ကျွန်တော် ပြန်ပြောမယ့်စကားကို နားစွင့်လို့ပေါ့... 

ဒီတော့ ကျွန်တော်က “ကြည့်ပါဦး... ကို့ကို ပြောနေလိုက်တာ... ဆရာမ က တပည့်လေးကို ပြောနေတဲ့ အတိုင်းပဲ... နားလည်လားတွေရော... သိရဲ့လားတွေရောနဲ့... ဒါပေမယ့် ကို ကျေနပ်ပါတယ်... ကို ကြားချင်တဲ့ စကားလေးကို ၃ ကြိမ်တောင် ကြားရတယ်...” လို့…

အဲဒီ စကားလေး အဆုံးမှာ ပူကျူးလေးက မျက်လုံးလေးကို ဖွင့်... မျက်စောင်းလေး ထိုးပြီး မူနွဲ့နွဲ့ ပြောလိုက်တာက

“ ဟွန်း... အဲဒီနားမှာ အမှိုက်ပုံး ရှိလို့ “ တဲ့ ခင်ဗျာ... 

ကျွန်တော့မှာ ဟင်! ဆိုပြီး ဘာပြောတာပါလိမ့်လို့ မနည်း စဉ်းစားရတော့တာ... ပူကျူးလေးကတော့ သူ့ဘာသူ ပြောပြီး သဘောတွေကျလို့ ရယ်နေရော... နောက်တော့မှ ပြောတယ်... သူ မှေးကနဲ အိပ်ငိုက်သွားပြီး မနက်က VIP ဧည့်ခံ တုန်းက အမှိုက်တွေကို သယ်သွားတာတဲ့... အမှိုက်ပုံးနားကိုပေါ့... အဲဒီအချိန်မှာ နောက် အစ်မတစ်ယောက်က “ယမုံ... အဲနား ဘာသွားလုပ်တာလဲ..” လို့ မေးလို့ ဖြေမယ့် စကားကို ကျွန်တော့်ကို ပြောမိသွားတာတဲ့ဗျာ... 

ကဲ… ကျွန်တော့မှာ Ro ထားသမျှ သဲထဲရေသွန်ကို ဖြစ်ကရော... 😂

"ကို"လို့ စခေါ်တဲ့နေ့


မီးလေး ကိုလို့ စခေါ်တဲ့နေ့

အရင်က အကို လို့ ခေါ်ရာကနေ ကို လို့ စခေါ်ဖြစ်တဲ့ နေ့ကလေးက ၂၆.၂.၁၈ ရက်နေ့ဖြစ်ပါတယ်... တကယ်တမ်းကတော့ မီးလေးက စချင်လို့ ခေါ်လိုက်တာပါ... ဒါပေမဲ့ အဲလို စရင်းနောက်ရင်းနဲ့ပဲ ကို ဆိုတဲ့ ကျွန်တော့ ရင်ကို နွေးထွေးသွားစေတဲ့ သူမရဲ့ ချစ်စရာ အခေါ်အဝေါ်လေး တည်မြဲခဲ့ပါတယ်... 

ခံစားချက်တွေ ဝေမျှခဲ့ကြ...


18.2.18 ရက်... 

အဲဒီနေ့ကလေးကတော့ မီးလေးနဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်တွေ၊ အခြေအနေတွေကို အပွင့်လင်းဆုံး ပြောဖြစ်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်... မီးလေးရဲ့ မိသားစု အခြေအနေ၊ မီးလေးရဲ့ စိတ်အခြေအနေတွေ၊ ကျွန်တော့်ရဲ့ စိတ်ခံစားချက်၊ အနာဂတ် ရည်ရွယ်ထားတဲ့ ဘဝ လက်တွဲဖော်အကြောင်း စုံလင်လို့ပေါ့… 

စခင်မင်ခဲ့တဲ့ အချိန်ကာလနဲ့ စာရင် ကျွန်တော်နဲ့ မီးလေးရဲ့ ရင်းနီးမှု၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု၊ နားလည်မှု စတာတွေက အံ့သြစရာကောင်းလောက်အောင် အချိန်ကာလနဲ့ မလိုက်ဖက်အောင်ပါပဲ... ဥပမာ ပြောရရင် တြိဂံပုံစံ ရှိတဲ့ အရာလေးကို အဝိုင်းပုံစံခွက်ထဲ နှစ်ပေါင်းများစွာ ထည့်နေလို့ အံမဝင်ပေမယ့် သူနဲ့ ပုံစံတူ တြိဂံခွက်လေးနဲ့ တွေ့တဲ့အခါ ချက်ချင်း အံဝင်ခွင်ကျ ဖြစ်သွားသလိုမျိုးလေး... 

အဲဒီနောက်ပိုင်း မီးလေးနဲ့ ကျွန်တော့်ရဲ့ သံယောဇဉ်တွေဟာ တစ်စထက် တစ်စ ပိုမိုတိုးလို့သာ နေပါတော့တယ်... 

A moment... 🕰


smule မှာ သီချင်းလေးဆိုလိုက်၊ messenger မှာစကားလေး တစ်ခွန်းနှစ်ခွန်းစ ပြောလိုက်နဲ့ပဲ ရှိပေမယ့် ခပ်ချေချေ ကောင်မလေးဖြစ်တဲ့ သူမကြောင့် ကျွန်တော်တို့ရဲ့ ရင်းနီးမှုက မကြီးမားခဲ့ပါဘူး... 

20.10.17 မှာတော့ ထူးထူးခြားခြား သူမရဲ့ Mee Mee Lay account ကနေ Friend request ကို ကျွန်တော် ရခဲ့ပါတယ်... သူမ အဲဒီ Account သုံးမှန်း ကျွန်တော်သိပေမယ့် သူမ ခင်မင်တဲ့သူ၊ အမျိုးတွေ စသဖြင့် သီးသန့် သုံးချင်ပုံ ရတဲ့အတွက် ကျွန်တော် အရင်က Add မလုပ်ဖြစ်တာပါ... သူမဖက်က အဲလိုလေး စပို့တော့ အဲနေ့က စိတ်ထဲမှာ ကျိတ်ပျော်ခဲ့ရတာပေါ့ဗျာ... 😇

အဲဒီကနေ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့်လား ဘာလားမသိတဲ့ a moment လေးတစ်ခုကြောင့် သူမနဲ့ ကျွန်တော် ရင်းနီးခဲ့ပါတယ်... အဲဒီ အချိန်လေးကတော့ 3.2.18 and 4.2.18 ရက်နေ့တွေဖြစ်ပါတယ်... ဟာသလေးတစ်ပုဒ်မှာ သူမကို ထည့်ရေးရင်း စကားတွေ အများကြီး ပြောဖြစ်ရာက သူမရဲ့ ကျန်းမာရေး အကြောင်းတွေပါ ယုံယုံကြည်ကြည် ပြောပြဆွေးနွေးရင်းက ပိုမို ခင်မင်ခဲ့တာပါ...

ရင်းနှီးပြီးတဲ့နောက် ကျွန်တော်က ယမုံလို့ ခေါ်ချင်ပေမယ့် အဲလိုခေါ်တာမကြိုက်တဲ့သူမက မြတ်ပွင့်လို့ ခေါ်ခိုင်းပါတယ်... သူခေါ်ခိုင်းတဲ့ နာမည်ကို ကျွန်တော်က မနှစ်သက်ပြန်တာကြောင့် “မီးလေး” ဆိုတဲ့ အခေါ်အဝေါ်လေးကို စတင်ဖြစ်ခဲ့တာပေါ့...

မင်းသမီးလေး သူမနဲ့ ‌ေ‌မာင်ရွှေရိုး ကျွန်တော်...

သွားဆိုဖြစ်ခဲ့သမျှ သီချင်းလေးတွေထဲမှာ အမှတ်တရ ဖြစ်စေတဲ့ သီချင်းကတော့ "ရွှေရိုးမှာလည်း အသည်းနဲ့ပါ" ဆိုတဲ့ သီချင်းလေးပါ... မှတ်မှတ်ရရ အဲဒီသီချင်းလေးကို facebook မှာ Tag တွဲတင်ဖြစ်ခဲ့ပြီး အတော်လူကြိုက်များခဲ့ပါတယ်... 

တကယ်လည်း ဒီသီချင်းလေးထဲက အတိုင်း မင်းသမီးလေးလို သူကလေးကို ကျွန်တော် မောင်ရွှေရိုးတစ်ယောက် နှစ်လ တာရှည် ပိုးခဲ့ရတာပေါ့... 😅

အခုနောက်ပိုင်း ကျွန်တော့် အသိမိတ်ဆွေ ဖြစ်စေ၊ ဆွေမျိုးတွေကို ဖြစ်စေ သူမအကြောင်း မိတ်ဆက်ပေးရင် "သြော်... မောင်ရွှေရိုးဆိုတဲ့ ကောင်မလေးလား... ချစ်စရာလေးနော်..." ဆိုပြီး ခနခန အပြောခံရတာလည်း အမှတ်တရ တစ်ခုပါပဲ...

First Comment from Mee Lay

သူမဆီက comment ပြန်ရရှိခဲ့တဲ့ သီချင်းလေးကတော့ ဝိုင်ဝိုင်းနဲ့ မဒီ သီဆိုထားတဲ့ "ဆန္ဒတစ်စုံ" ဆိုတဲ့ သီချင်းလေးကို သွားဆိုတဲ့ အချိန်မှာ ဖြစ်ပါတယ်... 🎼💬

ပထမဆုံး သူမဆီက အသိအမှတ်ပြုခြင်း ခံရတဲ့ နေ့လေးတစ်နေ့ပေါ့ဗျာ... 

ပထမဆုံး တွဲဆိုခဲ့တဲ့ သီချင်း...


ပထမဆုံး တွဲဆိုဖြစ်တဲ့ သီချင်း လေးက ငယ်ကျွမ်းဆွေ ဆိုတဲ့သီချင်းဖြစ်ပြီး သူမကတော့ သတိတောင် မထားမိခဲ့ပါဘူး... 

ဘာပဲ ဖြစ်ဖြစ် ဒီသီချင်းလေးက ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပထမဆုံး စုံတွဲသီချင်းလေးအဖြစ် ဖြစ်တည်ခဲ့ပါတယ်... ❤️

The Journey Begins...

23.2.2017 ရက်... မထူးခြားလှတဲ့ ရက်လေးတစ်ရက်ပါပဲ... ဒါပေမဲ့ အဲဒီရက်ကလေးက လူ ၂ ယောက်ရဲ့ နှလုံးသား တစ်စုံကို နီးကပ်စေဖို့ အစပြုခဲ့တာကိုတော့ အဲဒီတုန်းက ကျွန်တော်မသိခဲ့တာ အမှန်ပါ...

အဲဒီနေ့ အဲဒီရက်လေးမှာ smule မှာ သီချင်းဆိုကောင်းတဲ့၊ ချစ်စရာ ကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော်စတွေ့ခဲ့တာပေါ့... နောက်တော့ သူမနဲ့ ခင်မင်ချင်လို့ facebook မှာ friend request ပို့ခဲ့ပြီး သူကလေးက လက်ခံခဲ့လို့ facebook friend တွေ စဖြစ်ခဲ့ကြတယ်...

ဒါပေမဲ့ ကိုယ်နဲ့ မခင်တဲ့ မိန်းကလေးတွေကို စကားစပြောဖို့အရေး နည်းနည်း ဝန်လေးတတ်တဲ့ ကျွန်တော့်အကျင့်ကြောင့် သူမနဲ့ စကားတော့ မပြောဖြစ်ခဲ့ပါဘူး... 😅

ဒီလိုနဲ့ တစ်ရက်မှာတော့ အစ်မတစ်ယောက်နဲ့ စကားစပ်မိရင်း သူမ smule မှာ သီချင်းဆိုတဲ့ နားကြပ်ကို စိတ်ဝင်စားတဲ့အကြောင်း သိချင်ကြောင်းပြောတော့ "ရေငတ်တုန်း ရေတွင်းထဲကျ" ဆိုသလို လိုလိုလားလားပဲ "ကျွနေ်တာ် မေးပေးမယ်" လို့ ဆိုပြီး ပထမဆုံး သူမနဲ့ facebook messenger ကနေ စကားစတင်ပြောဖြစ်ခဲ့ပါတယ်... 💬

အဲဒီနေ့ကတော့ 12.3.17 ရက်နေ့ပါ... ထာဝရ ဖြစ်စေမယ့် ကျွန်တော်တို့ နှစ်ယောက်ရဲ့ အစ ပြုခဲ့တဲ့ အမှတ်တရ ရက်စွဲလေးတွေပေါ့ဗျာ... 😇