Sunday, 8 April 2018

ရင်ခုန်ခဲ့ရသော အမှတ်တရညနေခင်းလေး

၈.၄.၁၈

ပူကျူးလေးနဲ့ တွေ့ရတော့မယ်ဆိုတဲ့ အသိစိတ်၊ ညနေပိုင်းက သောက်ထားတဲ့ လက်ဖက်ရည်တို့ ပေါင်းစပ်ပြီး ညက ကောင်းကောင်းမအိပ်စက်နိုင်ခဲ့... မနက်ကျတော့လည်း ခရီးသွားဖို့ ကျွန်တော် တက်ကြွလို့နေသည်ကို မေကြီးနဲ့ အန်တီတို့ သတိထားမိခဲ့တဲ့အထိ သိသာလွန်းနေခဲ့တာပေါ့... ဒီလိုနဲ့ ခရီးစတင်ထွက်ခဲ့တာက မနက် ၈ နာရီစွန်းစွန်း... ရန်ကုန်အထွက်မှာတင် Traffic က ဆိုးဆိုးဝါးဝါး ပိတ်လို့နေခဲ့တာ... စိတ်ကလောနေလို့လားမသိ... စောင့်စားရတဲ့ အချိန်တွေ ပိုကြာလွန်းနေသလိုလို...

သထုံကို ကျွန်တော်တို့ ရောက်တော့ ပူကျူးလေးဆီက ဖုန်းလာသည်...

"ကို… ဘယ်ရောက်နေပြီလဲ? ပူကျူးလေး နေမကောင်းဘူး..." တဲ့..

သထုံရောက်နေကြောင်း နေ့လည်စာစားပြီးထွက်လာမယ့် အကြောင်းပြောပြီး နေမကောင်းတာ ဘာကြောင့်လဲ မေးတော့

"ဗိုက်မကောင်းဖြစ်လို့... ခန အိပ်လိုက်ဦးမယ်..."တဲ့...

သူငယ်ချင်းနဲ့ စကားလက်ဆုံကျတာရော၊ ထမင်းစားဖို့ နောက်ကျတာရောကြောင့် သထုံက ထွက်လာဖြစ်တာပါ နောက်ကျသွားခဲ့တယ်... ၂နာရီခွဲလောက်မှ သထုံက ထွက်လာဖြစ်ခဲ့တာ... ပူကျူးလေးဆီက ဖုန်းလာတော့ အခုမှ ထွက်တာဆိုတော့ သူကလေး စိတ်ဆိုးသွားတယ်...

“ဒီက မျှော်နေတာသိရက်နဲ့... ဒီအတိုင်းဆို ၄ နာရီ ၁၅ လောက်မှ ရောက်မှာပေါ့...” တဲ့…

ဒါပေမဲ့ တကယ်တမ်းကျ ကျွန်တော့် စိတ်ကြောင့်ပဲလား... နတ်ဒေဝါတွေ မစ သလားမသိ... တစ်နာရီထဲနဲ့ မော်လမြိုင်ဆိုတဲ့ စာသားကို တံတားကြီးမှာ မြင်လိုက်ရတယ်... ပူကျူးကို ဖုန်းဆက်တော့ သူကလေး မယုံနိုင်ဘူးလေ... ခနစောင့်ဦးဆိုပြီး ပြာယာတွေ ခတ်လို့ပေါ့...

အဲလိုနဲ့... ကမ်းနားလမ်းမှာ သူမအလာကို ကျွန်တော် ကားပေါ်ကနေ မျှော်နေခဲ့ရတယ်... အခြေအနေကြောင့် ပူကျူးလေးရဲ့ ဖေကြီးကိုယ်တိုင်မောင်းတဲ့ ခဲရောင် Harrier လေး ရောက်လာချိန်မှာတော့ ရင်ခုန်သံတွေ မြန်လာပါလေရော... Hotel ကိုရောက်လို့ ကားရပ်အပြီး သူမ ကားပေါ်က ဆင်းလာချိန်၊ သူမနဲ့ စပြီး စကားပြောတဲ့အချိန်၊ အစစ အရာရာ အားလုံးဟာ စိတ်ကို အတော် လှုပ်ရှားစေတဲ့ ခံစားချက်လေးတွေပါပဲ... (အသေးစိတ်ကို ရေးချဖို့ ကြိုးစားကြည့်ပေမယ့် စကားလုံးတွေက တကယ်ဖြစ်နေခဲ့တဲ့ အဲဒီအချိန်က ခံစားချက်တွေကို ကိုယ်စားပြုဖို့ရာ မစွမ်းသာတာကြောင့် အသေးစိတ်ကို ရေးမပြတော့ပါဘူး...) သူကလေးလည်း ကျွန်တော့်လိုပဲ ဖြစ်နေပါလိမ့်မယ်... ပိုပြီး မှတ်မှတ်ရရ ဖြစ်နေစေတာက အရမ်းစိတ်လှုပ်ရှားပြီး ရှက်နေတဲ့ သူမရဲ့ မျက်နှာလေးပါ... ကျွန်တော့်ကို စကားတောင် ကောင်းကောင်း ပြန်မပြောနိုင်လောက်အောင် သူမ စိတ်တွေ လှုပ်ရှားနေခဲ့တာပါ...

လူကြီးတွေ ပါလာတာကြောင့် တတ်နိုင်သမျှ ခံစားချက်ကို ဖုံးကွယ်ရင်း သူမ လာကြိုတဲ့ အစီအစဉ်လေး ရင်ခုန်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်...

ညနေ ၅ ခွဲ ဘုရားသွားတော့ ပူကျူးလေးနဲ့ ပိုနီးကပ်စွာ စကားပြောခွင့်ရခဲ့ပါတယ်... အမှတ်တရ ဓါတ်ပုံလေး ရိုက်၊ စကားလေးတွေပြော၊ ညနေစာစားနဲ့ ကုန်ဆုံးသွားတဲ့ အချိန်တွေက ကျွန်တော့်အဖို့ မြန်လွန်းနေသလား အောက်မေ့နေမိပါတော့တယ်... ညနေစာကို Lotteria မှာစားရင်း ဖြစ်သွားတဲ့ အမှတ်တရလေးကတော့ ကျွန်တော်တို့ စားနေတုန်း ဆိုင်က စဖွင့်လိုက်တဲ့ သီချင်းက Ed Sheeran ရဲ့ Perfect သီချင်းလေး ဖြစ်နေတာပါ... သီချင်းလေး စလာချိန်မှာ တစ်ယောက်မျက်နှာ တစ်ယောက်အဓိပ္ပါယ်ပါပါ ကြည့်ရင်း ပြုံးမိကြပါသေးတယ်... တိုက်ဆိုင်လွန်းတဲ့ အတွက် အမှတ်တရလေးတွေထဲက အမှတ်တရလေး တစ်ခု ဖြစ်ခဲ့တာပေါ့ဗျာ... 😇

No comments:

Post a Comment