Tuesday, 22 May 2018

ကိုကို့အတွက် ကျွန်မရဲ့ ကုသိုလ်

21.5.2018(Monday)

ဒီကနေ့ ၂၁.၅.၂၀၁၈ တနင်္လာနေ့မှာ ကျွန်မ လွန်ခဲ့တဲ့ ၃/၄ ရက်က ကိုကို့အတွက် ရည်ရွယ်ပြီး သတ်သတ်လွတ်စားကုသိုလ်ယူပေးမယ်ဆိုတဲ့ စိတ်ကူးလေးကို အကောင်အထည်ဖော်လိုက်နိုင်ပါပြီ။ ကျွန်မ ကိုကို့အတွက် ကုသိုလ်ယူပေးရတာဖြစ်လို့ အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။😇🙏❤️

ကျွန်မက သာမာန်အစိုးရဝန်ထမ်းတစ်ဦးပါ။ တက္ကသိုလ်ရဲ့ သင်ကြားရေးအပိုင်းမှာ အငယ်ဆုံးရာထူးဖြစ်တဲ့ သရုပ်ပြဆရာမတစ်ဦးရဲ့လစာက ကျွန်မအတွက် ပိုလျှံဖို့နေနေသာသာလောက်ငှအောင်တောင်မထိန်းသိမ်းနိုင်ပါဘူး။ မိဘဆီကနေ လိုလေသေးမရှိ လက်ဖြန့်တောင်းလာတဲ့ ဘဝကနေ လစာစားအစိုးရဝန်ထမ်းဘဝကို ကူးပြောင်းတဲ့ အခိုက်အတန့်မို့လည်း လစာကို မထိန်းသိမ်းတတ်သေးပါဘူး။ စုဖို့ဆောင်းဖို့ဆိုလျှင် ဝေးစွ...🙇‍♀️🤦‍♀️🤷‍♀️

တစ်ခါတစ်လေ ကိုကို့အတွက် အမှတ်တရလက်ဆောင်လေးတွေ ဝယ်ပေးချင်တဲ့အချိန်ဆို ကျွန်မအရမ်းဝမ်းနည်းရပါတယ်။ကျွန်မမှာ ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံ အလုံအလောက်မစုမိပါဘူး။ လာမယ့် ဂျူလိုင်လမှာဆို ကိုကို့မွေးနေ့...🎂ကိုကို့အတွက် ကျွန်မရဲ့ ပထမဆုံးမွေးနေ့လက်ဆောင်လေး ဝယ်ပေးဖို့ကိုကျွန်မအမျိုးမျိုး စဉ်းစားနေပါတယ်။ ရန်ကုန်အထိသွားပြီးတော့လည်း မွေးနေ့အမှတ်တရလေးဖြစ်အောင်တစ်ခုခုလုပ်ပေးချင်သေးတယ်။ ကျွန်မခေါင်းထဲမှာ အတွေးတွေ များနေတာတော့ အသေအချာပါဘဲ။💑❤️😇

တစ်နေ့ ကျွန်မတွေးမိတာတစ်ခုက ကိုကို့အတွက် ဘာမှမဝယ်ပေးနိုင်တာတောင် ကိုကို့ကိုသိပ်ချစ်တဲ့ကျွန်မက သူ့အတွက် တန်ဖိုးကြီးတဲ့လက်ဆောင်တစ်ခုဘဲလေ။ ဒီတော့ ကျွန်မကိုကို့အတွက် ဘာတွေ လုပ်ပေးနိုင်မလဲ။ အဲ့ဒါနဲ့ဘဲ ကျွန်မတနင်္လာနေ့တိုင်းကိုကိ့ုအတွက် ရည်ရွယ်ပြီး သတ်သတ်လွတ် ကုသိုလ်ယူမယ်လို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ကိုကို့ကိုလည်းပြောပြဖြစ်ပါသေးတယ်။❤️🙏☺️

ဒီနေ့မနက် ကျွန်မ မြိတ်မြို့ရဲ့သမိုင်းဝင်တန်ခိုးကြီး သိမ်တော်ကြီးဘုရားမှာ ကိုကို့အတွက် ဆီမီးပန်းအမွှေးနံ့သာ အပြင် ထီးတော် တို့ကို လှူဒါန်းခဲ့ပါတယ်။ ကိုကိုစိတ်ချမ်းသာကိုယ်ကျန်းမာဖို့လည်း ဆုတောင်းခဲ့ပါသေးတယ်။ တစ်နေ့လုံးလဲ ကျွန်မဆုံးဖြတ်ထားတဲ့အတိုင်း သတ်သတ်လွတ်ဘဲ စားပါမယ်။ ညကျရင် တစ်နေ့လုံးကိုကို့အတွက် ရည်ရွယ်ပြီးပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို အမျှအတမ်းပေးဝေမယ်။ မဟာပထဝီမြေကြီးကို တိုင်တည်ပြီး တစ်နေ့တာသတ်သတ်လွတ်စားခဲ့တဲ့ကုသိုလ်ကို သစ္စာပြုမယ်။💑🙏😌

🙏ထိုကဲ့သို့ သတ်သတ်လွတ်စားရသောကုသိုလ်ကြောင့် တနင်္လာသား ဒေါက်တာကျော်စွာသက်သည် အသက်နှင့် ခန္ဓာကို ရန်ရှာမည့် ရောဂါဆိုးအမျိုးမျိုး। အခြေအနေအမျိုးမျိုး। အကြောင်းအမျိုးမျိုး တို့မှ ကင်းဝေးပါစေ🙏

🙏အသက်ရှည် အနာကင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာစွာဖြင့် သတ္တဝါတို့၏ အသက်ကို ကယ်တင်နိုင်သော စောင့်ရှောက်ပေးနိုင်သော သမားကောင်းတစ်ဦး। ဘာသာ သာသနာအကျိုး နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်ပြီး မိဘကို ကျေးဇူးဆပ်နိုင်သော သားကောင်းသားမြတ်တစ်ဦးဖြစ်ပါစေသား... အရှင်ဘုရား🙏

1 comment:

  1. ကိုကို အရမ်း မြတ်မြတ်နိုးနိုး ချစ်ရတဲ့ ကလေးလေးက ကိုကို့အပေါ် အခုလို တူညီတဲ့ ချစ်မြတ်နိုးမှု ရှိနေမိတာ... ကိုကို တကယ့်ကို ကံကောင်းတာပါ...
    အခုလို ပြုရတဲ့ ကုသိုလ်ကောင်းမှုကြောင့် ကိုကို့ ပူကျူးလေးလည်း တူညီသော အကျိုးခံစားရရှိပါစေဗျာ... ❤️

    ReplyDelete