Thursday, 10 May 2018

Happy one month anniversary

၉.၅.၂၀၁၈

ဒီနေ့လေးမှာ ကိုကိုနဲ့ ပူကျူးလေးတို့ရဲ့ ချစ်သူသက်တမ်း ၁ လပြည့်ပါတယ်... အမှတ်မထင် တွေ့ရှိမိတာလေး တစ်ခုက လွန်ခဲ့သော ၉.၅.၂၀၁၇ တုန်းက ပူကျူးလေးဟာ ကျွန်တော့ဆီကို သူကလေး စာကြည့်နေရင်း စိတ်ညစ်နေတဲ့(ပလပ်ကျွတ်နေတဲ့😄) ဗီဒီယိုလေးကို စတင် ပို့ဖြစ်ခဲ့တဲ့ နေ့လေး တစ်နေ့လည်း ဖြစ်နေတာကို ထူးထူးဆန်းဆန်း တွေ့ရပါတယ်...

ကျွန်တော်တို့ ကြားမှာ ၉ ဂဏန်းလေးဟာ ထူးထူးခြားခြား အမှတ်တရ များစွာနဲ့ပါ... ( ၉ ဂဏန်းနဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ထူးခြားချက်ကို သတ်သတ်ပို့စ်ရေးပါဦးမယ်...)

ဒီနေ့ ဒီရက်လေးမှာ ပူကျူးလေးဆီက ကျွန်တော်လုံးဝ မထင်မှတ်ထားတဲ့ ချစ်စရာ၊ နှစ်သက်မြတ်နိုးစရာ လက်ဆောင်လေးတွေ ရရှိခဲ့ပါတယ်...

ပူကျူးလေး ပစ္စည်းတွေ ပို့လိုက်ပြီ ဆိုကတည်းက ဘာတွေပါလိမ့်ဆိုတဲ့ အတွေးတွေနဲ့ စိတ်လှုပ်ရှားခဲ့ရတာပေါ့... ပစ္စည်းကို ကားဂိတ်မှာ သွားရွေးတဲ့အချိန်ဆို ရင်ခုန်မှုတွေက အယောင်ယောင် အမှားမှားတွေ လုပ်မိစေတဲ့အထိပါ...

လက်ဆောင်လေးတွေရလို့ ကားထဲမှာ ပစ္စည်းလေးတွေကို ကြည့်လိုက်တော့ ပူကျူးလေးရဲ့ အချစ်တွေ၊ မေတ္တာစေတနာတွေကို လက်ဆောင်လေးတွေကတဆင့် နှလုံးသားက နက်နက်နဲနဲ ခံစားလို့ ရပါတယ်... "ကိုကို့ကို အဲဒီလောက်တောင် ချစ်တာပဲလား ကလေးလေးရယ်..." ဆိုတဲ့ အတွေးလေးက ရင်ကို နွေးထွေးစေသလို၊ တဆက်တည်း ဘာလို့မှန်းမသိ ဝမ်းနည်းမှုကိုလည်း ဖြစ်ပေါ်စေပါတယ်...

အဲဒီလက်ဆောင်တွေထဲက သူမပေးထားတဲ့ ကြယ်ဗူးလေးထဲက ကြယ်လေးတွေမှာ စာလေးတွေ ရေးထားတယ်တဲ့လေ...

"ကိုကို ပူကျူးလေးကို စိတ်တို တိုင်း ဒီထဲက စာလေးတွေကို ထုတ်ကြည့်"တဲ့လား? အဲဒီ ခဏတာလေးမှာ ကိုကို့ စိတ်ထဲ ဆုံးဖြတ်လိုက်တာ ပူကျူးလေးကတော့ ဘယ်သိနိုင်ပါ့မလဲ... အဲဒီ ဆုံးဖြတ်ချက်လေးက...

ဒီအထဲက ကြယ်လေးတွေကို တတ်နိုင်သလောက် ထုတ်ဖတ်စရာ မလိုအောင် ကိုကို ပူကျူးလေးအပေါ် ပိုနားလည်မယ်၊ ပိုဂရုစိုက်မယ်၊ ပိုကြင်နာမယ်၊ ပိုချစ်မယ်လို့လေ...

အရမ်းချစ်တယ် ကလေးလေးရယ်... ကလေးလေးရဲ့ ကိုကို့အပေါ် တွယ်တာမြတ်နိုးမှုတွေကိုလည်း ကိုကို နှလုံးသားနဲ့ ခံစားပြီး အသိအမှတ်ပြုပါတယ်...

ချစ်သူ သက်တမ်း တစ်လ ပြည့်မှသည် နောင် လ ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ၊ နောက်ထပ် ဘဝပေါင်းများစွာ ကိုကိုနဲ့ ပူကျူးလေးတို့ ဆက်ချစ်သွားကြမယ်နော်... Love you so so much baby! ❤️

PS. ထူးထူးခြားခြား ကြယ် ၅ လုံးကို ဖွင့်ကြည့်တော့ ၅ လုံးစလုံးမှာ ပူကျူးလေးရေးထားတဲ့ စာလေးတွေ ပါတဲ့အပြင် (ကြယ်တိုင်းမှာ စာမပါဘူး)... ပထမဆုံး ဖွင့်တဲ့ ကြယ်လေးမှာ ရေးထားတာက "⟁ အဲဒီနားမှာ အမှိုက်ပုံးရှိလို့ ⟁"တဲ့... ကျွန်တော်တို့နှစ်ယောက်ရဲ့ သင်္ကေတ Triangle လေး နှစ်ခုကြားထဲမှာပေါ့... 😇

No comments:

Post a Comment