Wednesday, 20 June 2018

အိပ်ချင်ပူကျူး...

ပူကျူးလေးရဲ့ အကျင့်လေးတွေထဲမှာ အိပ်ချင်လာရင် ချက်ချင်း အိပ်ချင်မူးတူးဖြစ်သွားပြီး တစ်ခုခု လုပ်ဖို့ ပြောရခက်တာပါ... ဒါကြောင့် သူ လန်းဆန်းနေတုန်းမှာ ခြင်ထောင်ထောင်ဖို့၊ ပုတီးစိပ်ဖို့ အဝေးကနေ ကျွန်တော်က လှမ်းပြောရပါတယ်... 🗣

ညတိုင်း ကျွန်တော် ချော့သိပ်ရတယ်ဆိုပေမဲ့ ပူကျူးလေးကို ပုံပြင်ပြောတာပဲ ဖြစ်ဖြစ်၊ သီချင်းဆိုပြတာပဲ ဖြစ်ဖြစ် ခဏပါပဲ... သူမ အိပ်ချင်နေရင် ခနလေးအတွင်း အိပ်ပျော်သွားစမြဲပါ... ဒီနေ့တော့ ည အစောပိုင်းမှာ စာသင်ဖို့ Presentation တွေ ပြင်နေတဲ့အတွက် ပုတီးစိပ်တာ နောက်ကျပါတယ်... စိပ်ရမယ့် ပုတီးပတ်ကလည်း သတ္တာဒေဝ မနုဿာနံ ဆိုတော့ ၇ ပတ်တောင် စိပ်ရမှာပါ... စိပ်ရင်း ပူကျူးလေး အိပ်ချင်လာပါရော... မကြာပါဘူး... ပုတီးလေး လက်မှာ ကိုင်ပြီး အိပ်ပျော်သွားပါတယ်... 💤😴

ဒီဖက်ကနေ ကျွန်တော် လှမ်းမေးရတာပေါ့...

"ကလေးလေး... ဘယ်နှပတ် ပြီးပြီလဲ?"

"ဟင်... ဘာလဲ??"

"သြော်... ပုတီး ဘယ်နှပတ် စိပ်ပြီးပြီလဲလို့ မေးတာလေ... "

"အင်း... ၄ ပတ်"

ပြောပြီး ဟိုဖက် လှည့်သွားပါတယ်... လက်ကလေး လှုပ်တာ ခန မြင်ရပြီးနောက် ပြန်အိပ်ပျော်သွားပြန်ပါရော...

"ပူကျူးလေးရေ... ထထ... ပြီးအောင် စိပ်လိုက်ပါကွယ်... နော်..."

"ဟင်... ဘာလဲ... ကိုကို ဘယ်လိုဖြစ်နေလဲ... စိပ်နေတယ်လေ..." တဲ့

စိပ်နေတယ်သာ ပြောတာပါ... လက်ကလည်း ငြိမ်လို့... လူကလည်း အိပ်လို့ပေါ့... ဒီဖက်ကနေ အသံစုံ ပေးပြီး နှိုးရပြန်ပါတယ်... အဲဒီတော့ နိုးလာတယ်... ပြီးတော့ စိပ်နေတဲ့ လက်ထဲကပုတီးကိုကြည့်ပြီး ဘာပြောတယ် မှတ်သလဲခင်ဗျာ့...

"စိပ်နေတယ်လေ ကိုကိုရယ်... ဒီပုတီးကလည်း ဘယ်လိုဖြစ်နေတယ်မသိဘူး... ပြည့်မပြည့်နိုင်ဘူး..." တဲ့ 😂🤣😂

ကျွန်တော့မှာ ရယ်လိုက်ရတာ ဆိုတာ... 😂

No comments:

Post a Comment